Tuesday 18 September 2007

တစ်သက်မမေ့စရာ...

ကျွန်တော်မြန်မာပြည်ကို ခဏပြန်တုန်းကပေါ့ ...
ပထမဆုံး ရောက်ရောက်ချင်း အရင်ဆုံး စဉ်းစားမိတာက ဟိုမှာနေတုန်း ငတ်နေသမျှ အတိုးချ စားဖို့ပါပဲ အဟဲ။ ပြင်ဦးလွင်မှာ ဆိုတော့ ရှမ်းခေါက်ဆွဲစားဖို့ စဉ်းစားမိတယ်။ ဒါနဲ့ သူငယ်ချင်းတစ်ယောက်နဲ့ လူရှင်းတဲ့ ရှမ်းခေါက်ဆွဲဆိုင်လေးကို သွားခဲ့ကြတယ်။ ဆိုင်ပိုင်ရှင် ကောင်မလေးက ချစ်စရာလေးသိလား။ ဟို သီချင်းထဲကလိုပေါ့... "ဆန်ခေါက်ဆွဲ ..ကောင်းလို့လဲ စားတာပါ၊ ဆိုင်ရှင်လေး လှလို့ စားတာပါ" အဲလိုလေ။ ကောင်မလေးက တော့ သူလုပ်နေကျအတိုင်း ခေါက်ဆွဲလုပ်နေတယ်လေ။ ကြည့်ကောင်းကောင်းနဲ့ ကြည့်ရင်း စချင်စိတ်ဖြစ်လာတယ်။ ဟိုကောင့်ကို ကြည့်လိုက်တော့လဲ အကြံတူနေတဲ့ ပုံပဲ။ ဒါနဲ့ လှမ်းပြောလိုက်တယ်။
"ညီမလေး ဒီ ခေါက်ဆွဲကို အကိုတို့စားမှာ ရိုးရိုးခေါက်ဆွဲမဟုတ်ဘူးနော် သိလား"
"ရှင်..... ဘာလို့လဲ"
"အော် အကိုတို့ က မြန်မာပြည်ကို ခုမှ ပြန်ရောက်တာလေ။ ဒါအကိုတို့ ပထမဆုံး မြန်မာပြည်က ရှမ်းခေါက်ဆွဲစားတာသိလား။ စပါယ်ရှယ်လုပ်ပေးနော်"
"တကယ်လား ..... ဒါဆို အကောင်းဆုံးလုပ်ပေးမယ်နော် စိတ်ချ"
ဒါနဲ့ပဲ ကျွန်တော်တို့ စပါယ်ရှယ်လုပ်ထားတဲ့ ခေါက်ဆွဲကို ခေါင်းမဖေါ်တမ်း စားကြတာပေါ့ဗျာ။ အဟဲ စားကောင်းကောင်းနဲ့ စားလိုက်တာ ခနလေးပဲ ကုန်သွားရော။ ကုန်ခါနီးကျတော့ စားလို့ မ၀ သလိုဖြစ်တာတယ်လေ။ ဟိုကောင်လဲ အဲလိုပဲ။ တစ်ပွဲဆီထပ်စားဖို့လဲ ကုန်မှာမဟုန်ဘူး။ ဒါမျိုးဆို အရမ်း ဥာဏ်များတဲ့ကျွန်တော်က စကားတောင်စား ပိန္နဲသီးတောင်းစားတာကိုသွားသတိရမိတယ်။ ဒါနဲ့ သူ့ကို အသာ မျက်စပစ်ပြပြီး စကားစလိုက်တယ်..
"သူငယ်ချင်းရေ ဒီဆိုင်က စားစရာ စာရင်းမှာ မြီးရှည်ဆိုတာပါတယ်ကွ။ အဲဒါ ဘယ်လိုမျိုးလဲ။ ရှမ်းခေါက်ဆွဲထက်ကောင်းလားကွ"
ဒီကောင်ကလဲ အထာနပ်တယ်လေ
"အေးကွ ငါလဲအရင်ကပဲ စားဘူးတာ ခု ကြာပြီဆိုတော့မေ့နေပြီကွ"
အဟဲ အဲလိုပြောပြီးလို့ သိပ်မကြာပါဘူး။ သိပ်လှပြီး သိပ်သဘောကောငှ်းတဲ့ ရှမ်းမလေး မြီးရှည်တစ်ပွဲလာချပေးပါလေရော။ ရှမ်းသံဝဲ၀ဲလေးနဲ့ ချစ်စရာပြောသွားတာက "အကိုတို့ နောက်တစ်သက်လုံး မမေ့ဖို့ ဖြည်းဖြည်းချင်းစားပြီး မှတ်သွားနော်" တဲ့။

No comments: